မန္တလေးမြို့က လူငယ်သုံးဦး ကျားဖောင်ပေါ်ပါသွားပြီး တစ်ဦးသာ အိမ်ပြန်လာနိုင်ခဲ့တဲ့ ဖြစ်ရပ်

မန္တလေးမြို့က လူငယ်သုံးဦး ကျားဖောင်ပေါ်ပါသွားပြီး တစ်ဦးသာ အိမ်ပြန်လာနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု

ဒီဇင်ဘာ(၈)AlinnMyay(အလင်းမြေ)

အခုတလောမှာ လူမှုကွန်ယက်နှင့် သတင်းမီဒီယာဌာနများမှ တဆင့် ကျားဖောင်ပေါ်က လူကုန်ကူးမှုဆန်ဆန်ဖြစ်ရပ်တွေ၊ ကျားဖောင်ပေါ်မှ ညှင်းပမ်းနှိပ်စက်ပြီး အလုပ်ခိုင်းစေခြင်းတွေ၊ အလုပ်သမားများ ထိခိုက်ဒဏ်ရာများနှင့် တစ်ချို့ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတွေ လူတိုင်းကြားသိနေရပြီးဖြစ်ပါတယ်။

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ သီရိမာလာစျေး၊ စည်ပင်လိုင်းခန်းတွင်နေထိုင်ကြသော လူငယ် သူငယ်ချင်း သုံးဦး ၂၀၁၉ နိုဝင်ဘာလ (၁၉) ရက်နေမှာ သူငယ်ချင်း သုံးဦးအနက်မှ တစ်ဦးနဲ့ ဆက်စပ်ကာ လူတစ်ဦးမှ အလုပ်ရမည်ပြော၍ ခေါ်ဆောင်သွားကာ ရေးမြို့ အဆင်ရပ်ကွက် မှ တစ်ဆင့် ပင်လယ်ထဲ ကျားဖောင်ပေါ်သို့ ရောက်ရှိခဲ့ပြီး ညှင်းပမ်းနှိပ်စက်မှုဒဏ်နှင့် အလုပ်ကြမ်းများဒဏ်ကို မခံနိုင်ဖြစ်ကာ အတူသွားသူ သုံးဦးအနက်မှ လူငယ်တစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ကျားဖောင်ပေါ်မှ ဖုန်းကို ယူလွှတ်လိုက်ပြီး ပြန်လွှတ်၍ အိမ်ပြန်ရောက်ရှိလာကြောင်းသိရသည်။

အတူသွားသူ သုံးဦးမှာ မောင်ထက်ကို (၁၈) နှစ် အဖအမည် ဦးသန်းထွန်း၊ မောင်ရဲရင့်အောင် (၂၀) နှစ် အဖ အမည် ဦးချမ်းသာ နှင့် မောင်မျိုးလှိုင်ဝင်း (၂၀)နှစ် အဖအမည် ဦးမြမောင် တို့ဖြစ်ပြီး ယခုအိမ်ပြန်ရောက်လာသူမှာ မောင်မျိုးလှိုင်ဝင်း ဖြစ်ပါတယ်။

အဆိုပါ အိမ်ပြန်ရောက်လာသူ မောင်မျိုးလှိုင်ဝင်းမှ ကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်အပျက်များအား ပြောပြ၍ ကျန်ခဲ့သူ မောင်ထက်ကို ရဲ့ မိခင်ဖြစ်သူ ဒေါ်ခိုင် နှင့် မိသားစု၊ ကျန်ခဲ့သူ မောင်ရဲရင့်အောင် ရဲ့ မိသားစု နှင့် ဇနီးဖြစ်သူတို့မှ အလွန်စိတ်ပူသောက ရောက်နေကြောင်း သိရပါတယ်။

ယခုအိမ်ပြန်ရောက်နေသော မောင်မျိုးလှိုင်ဝင်းရဲ့ ပြောပြချက်အရ သူတို့ကို ခေါ်ဆောင်သွားသူမှ သူတို့အား ကျားဖောင်ပေါ်ကို တင်ပေးလိုက်တယ်၊ သူတို့အတွက် လူတစ်ယောက်ကို ငွေကျပ် (၄) သိန်းနှုန်း ယူဆောင်သွားတယ်။ သူတို့ သုံးယောက်စာ (၁၂) သိန်း ထုတ်ယူသွားကြောင်း ပြောပါတယ်။ ထိုလူငယ်များ အိမ်ပြန်လာလိုလျှင် ထိုငွေများကို ပြန်လည်ပေးနိုင်မှ အိမ်ပြန်ခွင့်ရမယ်လို့လည်းပြောပါတယ်။ ယခု မောင်မျိုးလှိုင်ဝင်းပြန်လာသည်မှာ လုံးဝအလုပ်မလုပ်နိုင်တော့၍ ပါလာတဲ့ဖုန်းကို ယူလွှတ်တယ်၊ မောင်မျိုးလှိုင်ဝင်းအတွက် ငွေ (၄) သိန်းကို ကျန်ခဲ့သူ သူငယ်ချင်းနှစ်ဦးမှ တစ်ယောက် နှစ်သိန်းစီ အာမခံသောကြောင့် ပြန်လာခွင့်ရတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ကျန်ခဲ့သူ လူငယ်နှစ်ဦးမှာ အိမ်ပြန်လိုလျှင် တစ်ယောက်ကို ငွေ (၆) သိန်းစီ ပေးနိုင်မှ ပြန်လာလို့ရမည်ဖြစ်ကြောင်းလည်းပြောပါတယ်။

ဒီ ငွေ (၆) သိန်း နှစ်ယောက်စာ (၁၂) သိန်းကို ကျွန်မတို့က ဘယ်လိုလုပ် ဘယ်ကရလို့ ပေးနိုင်မှာလဲ.. ကျွန်မတို့က လက်လုပ်လက်စား မရှိဆင်းရဲသားတွေဖြစ်တယ် စားဖို့တောင် အနိုင်နိုင် ကျွန်မတို့လက်ထဲမှာ မရှိလို့ ပိုက်ဆံ တစ်ထောင် နှစ်ထောင်တောင်မှ ချေးငှါးစားဖို့ မလွယ်ပါဘူး။ ကျွန်မ သားလေးနဲ့ အတူသွားတဲ့ မောင်မျိုးလှိုင်ဝင်းပြန်လာလို့ အကြောင်းဆုံကိုပြောပြတဲ့အခါ ကျွန်မ အရမ်းစိတ်ပူတယ်။ အရမ်းလည်း စိုးရိမ်နေတယ်။ ကျွန်မတို့ ဘယ်လိုလုပ်ရမှန်းမသိကြောင်း ကျားဖောင်ပေါ်သို့ ကျန်ခဲ့သူ မောင်ထက်ကိုရဲ့ မိခင်ဖြစ်သူ ဒေါ်ခိုင်မှ ပြောပါတယ်။

ကျားဖောင်ပေါ်သို့ ကျန်ခဲ့သူ မောင်ရဲရင့်အောင်ရဲ့ ဇနီးဖြစ်သူ မဝါဝါလှိုင်မှလည်း ကလေးငယ်တစ်ယောက်နဲ့ ဒုက္ခရောက်နေကြောင်း ခင်ပွန်းဖြစ်သူကို အရမ်းစိတ်ပူပြီး အမြန်ပြန်လာစေချင်ပေမယ့် ငွေ (၆) သိန်းကို ဘယ်ကမှ ရှာပေးလို့ မရနိုင်ကြောင်း ဝမ်းနည်းစွာပြောပါတယ်။

အဆိုပါဖြစ်ရပ်ဟာ အသိပညာ ဗဟုသုတနည်းပါးပြီး မရှိဆင်းရဲသားများဖြစ်တဲ့ လူငယ်များကို ဖျားယောင်းသွေးဆောင်ကာ လူကုန်ကူးမှုဆန်ဆန် အလုပ်မလုပ်ရသေးတဲ့ လူငယ်များရဲ့လုပ်အားခများကို ကြိုငွေ ထုတ်ယူကာ အလုပ်သမား ရှာပေးနေတဲ့ အလုပ်သမားပွဲစားများရဲ့ လူမဆန်စွာ ခေါင်းပုံဖြတ် လုပ်ရပ်တွေကြောင့် အခုလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။

မောင်မျိုးလှိုင်ဝင်း ပြောပြချက်အရ အလုပ်သမားတစ်ယောက်ကို လုပ်ခလစာ (၇) သောင်းပေးတယ်လို့ သိရပါတယ်။ ဒါဆို ပွဲစားလုပ်သူက ကြိုငွေ တစ်ယောက်စာကို (၄) သိန်းနှုန်း ထုတ်ယူသွားတော့ (၆)လစာခန့် ဖြစ်နေတယ်။ ဒီ (၆) လလုံးလုံးမှာ အလုပ်သမားတွေက မိမိနှင့်အတူ မိမိရဲ့မိသားစုတွေ တစ်ပြား တစ်ကျပ်မှ မသုံးစွဲရပဲ ကျွန်တစ်ယောက်လို ပေးဆပ် အလုပ်လုပ်ပေးရမယ်။ ဒီကြားထဲမှာ အိမ်ပြန်ချင်ရင် ဒီငွေ (၄) သိန်း ကို ပြန်ပေးနိုင်မှ အိမ်ပြန်ခွင့်ရမှာ ဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်မျိုးတွေ နောက်နောင် ဘယ်သူတွေကိုမှ မဖြစ်စေချင်ဘူး။ အခြားနေရာမှာ အလုပ်လုပ်ဖို့ ဘယ်သူကခေါ်ခေါ်မလိုက်ကြဖို့ ကိုယ်တွေ့ကြုံခဲ့ရသူ မောင်မျိုးလှိုင်ဝင်းမှ ပြောပါတယ်။

ကျားဖောင်ပေါ်မှာ ကျန်ခဲ့တဲ့ မောင်ထက်ကို နှင့် မောင်ရဲရင့်အောင်တို့ အတွက်လည်း ကူညီပေးနိုင်သူများရှိရင် ကူညီပေးကြပါဦး။ ဆင်းရဲ နွမ်ပါးလွန်းတဲ့ မိသားစုတွေမှာ ဒီငွေတွေကို ဘယ်လိုနည်းနဲ့မှ ပြန်ရှာပေးလို့ မရနိုင်တဲ့ အတွက် ကူညီပေးနိုင်သူများရှိမှသာလျှင် ထိုလူငယ်နှစ်ဦး မိသားစုထံ ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်လို့ တတ်နိုင်သမျှ ကူညီပေးကြပါလို့ လေးစားစွာ တောင်းဆိုအပ်ပါတယ်။

#AlinnMyay(အလင်းမြေ) #ကျားဖောင် #မန္တလေးမြို့

Be the first to comment

Leave a Reply

Your email address will not be published.


*